မြေစာပုံမှာ သေဆုံးသွားတဲ့ အခန်းဖော်ရဲ့ကျောက်နဲ့ ကြီးပွားသွားခဲ့သူကိုမျိုး

လွန်ခဲ့တဲ့ ၂နှစ်ခန့်က ပျော်ဘွယ်မြို့နယ်၊ ပင်းစုကျေးရွာမှာ ကိုမျိုးဆိုတဲ့ သူတစ်ယောက်ရှိတယ်။ ပျော်ဘွယ်၊ ရမည်းသင်းဘက် ရွာတွေက ရာသီဥတုမမှန်တာကြောင့် သူတို့ရဲ့ လက်ငုပ်လက်ရင်း လယ်ယာစိုက်ပျိုးရေးကို မလုပ်ကြတော့ဘဲဆံပင်ရှင်းတဲ့ လုပ်ငန်းကိုသာ အဓိက လုပ်ကိုင်ကြတယ်။ ဆံပင်ရှင်းတဲ့လုပ်ငန်းကလည်း ကိုယ့်ဘာသာ ဆံပင်ကိုအချိန်နဲ့ဝယ်ပြီး အိမ်မှာရှင်းရင် တစ်ပတ်တစ်ပတ်ကို ငါးသောင်းကနေ တစ်သိန်းလောက်ထိမြတ်တယ်လေ။နေ့စားအငှားအနေနဲ့ ဆံပင်ရုံတွေမှာ ရှင်းရင်ကျ တစ်နေ့ကို ၃၀၀၀လောက်ရတယ်။
ဆံပင်လုပ်ငန်းက ပိုက်ဆံရနေတာဆိုတော့ ရွာကလူတွေအကုန်က ဆံပင်လုပ်ငန်းကိုပဲ လုပ်ကြတော့တယ်။ဒါပေမဲ့ ကိုမျိုးတို့မိသားစုနဲ့ ကျန်တဲ့မိသားစုနှစ်စုလောက်ကတော့ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြသေးတယ်။ ကိုမျိုးမှာ မိန်းမနဲ့ သားလေးတစ်ယောက်ရှိတယ်။ ကိုမျိုး မိန်းမနာမည်က ရွက်လှတဲ့၊ သားလေးကတော့ နှစ်နှစ်သားအရွယ်ပဲ ရှိသေးတယ်။
ကိုမျိုးက ငယ်ငယ်ကတည်းက ရန်ကုန်မှာရှိတဲ့ ဦးလေးဘုန်းကြီးကျောင်းမှာ ကိုရင်ဝတ်နဲ့နေလာပြီး ဝါအတော်ရမှ လူထွက်ပြီး မိန်းမယူတဲ့သူ။ အဲ့လိုဆိုတော့ လယ်ယာလည်း သိပ်ကျွမ်းကျွမ်းကျင်ကျင်မစိုက်တတ်၊ အိမ်လေးဘာလေးနည်းနည်းဆောက်တတ် ပြုတတ်တော့ လက်သမားယောင်ယောင်၊ လယ်သမားယောင်ယောင်ပေါ့။
ပိုက်ဆံရတဲ့အခါ ထိုင်စားလိုက်၊ မရတဲ့အခါ ဘာလုပ်ရမှန်းမသိဖြစ်လိုက်နဲ့၊ မိန်းမဖြစ်သူ မရွက်လှက ကလေးတစ်ဖက်နဲ့ ဆံပင်ရှင်းတဲ့အလုပ်လေးလုပ်လို့သာ အိမ်ရဲ့စီးပွားရေးက တော်ရာကျတယ်။
ကြာတော့ သူ့မိန်းမက ဒီဘ၀ကြီးကို ငြိုငြင်လာတော့တာပေါ့။ မရွက်လှက “ကိုရင်ရေ…. တော်ရှာကျွေးမှစားရရင် ကျုပ်တို့တော့ ဒီတစ်သက် လူမွေးသူမွေးပြောင်ပါတော့မလား “လို့ ညည်းပါများပေမဲ့လည်း ကိုမျိုးမှာ ဘာမှအလုပ်ဖြစ်မလာ ပေ ။ကိုမျိုးမှာတော့ လယ်ယာကလည်းအလုပ်မဖြစ်၊ ကျန်တဲ့စီးပွားရေးလည်း မလုပ်တတ်နဲ့ အားတိုင်း ထန်းရည်ဝိုင်းပဲရောက်နေတတ်တယ်။
တစ်နေ့မှာ ဟိုဘက်ရွာကထန်းရည်လာသောက်တဲ့အုပ်စုထဲမှာ သူ့သူငယ်ချင်း စိုးအောင်နဲ့ဆုံပါလေရော။ စိုးအောင်ကို အလုပ်လေးတစ်ခုရှိရင် ခေါ်ပါလို့ ပြောမိတော့ စိုးအောင်က …ဖားကန့်ဘက်မှာ သူ့ဦးလေးရဲ့ ရေမဆေးကျောက်ရှာအဖွဲ့မှာ လူလိုနေကြောင်း၊ သူကတော့ မိန်းမကို မခွဲနိုင်လို့ ဖားကန့်အထိမသွားနိုင်ကြောင်း၊ မင်းသွားချင်ရင် ချိတ်ပေးမယ်ကွာ လို့ ပြောတယ်။ ကိုမျိုးမှာ ဖားကန့်ဒေသအထိလည်း တစ်ခါမှခြေမဆန့်ဖူးပေမဲ့ မိန်းမမျက်နှာမြင်လာတော့ သူ ငွေရှာရမယ်ဆိုတဲ့စိတ်က ၀င်လာပြီး ချိတ်ပေးကွာလို့ ပြောခဲ့တယ်။ အိမ်ရောက်တော့ မိန်းမကိုပြောပြလိုက်တော့ မိန်းမက နယ်ဝေးတော့ မလွှတ်ချင်ပေမဲ့ ပိုက်ဆံရှာမဲ့အရေးဆိုတော့ လွှတ်ရပြီလေ။
စိုးအောင်ရဲ့အကူအညီနဲ့ ကိုမျိုး ဖားကန့်၊ မှောဆီစာကိုရောက်ခဲ့ရပြီ။ အလယ်ပိုင်းမြေပြန့်ဒေသလိုနေရာမှာ ကြီးပြင်းလာခဲ့ရတော့ ဖားကန့်လိုနေရာမျိုး က မောင်မျိုးအအတွက်တော့အဆန်းတကြယ်ပေါ့။ မှောဆီစာရောက်တော့ ကိုစိုးအောင် ဦးလေးတို့ အလုပ်လုပ်တဲ့ လောပန်းဆီမှာ ရေမဆေးရှာရတဲ့အလုပ်ကို သွင်းပေးတယ်။
ကျောက်အတူတူရှာရတဲ့ အဖွဲ့မှာ လူက (၈)ယောက်။ အလုပ်လုပ်တဲ့ လောပန်းက သူတို့(၈)ယောက်စလုံးကို (၂)ယောက်တစ်ခန်းစီ နေစရာပေးထားတယ်။ သူတို့လိုသမျှ အစားအသောက်၊ ဆေးဝါးကို လောပန်းက ထောက်ပံ့ပေးပြီး သူတို့အလုပ်က ကျောက်ရှာရုံပဲလေ။ ကိုမျိုးက ကျောက်အကြောင်းဘာမှမသိသူဆိုပေမဲ့ အဖွဲ့ထဲမှာပါတဲ့ ကိုလေးညို ဆိုတဲ့သူက သူ့ကိုအမြဲခေါ်သွားပြီး ကျောက်အတူရှာရင်း သိသင့်တာလေးတွေပြော ပြပေးတယ်။
ကျောက်ရှာလာတာ တစ်လခန့်ကျော်တဲ့အချိန်အထိ သိန်းကျောက်လေး တစ်လုံးသာ သူတို့အဖွဲ့တွေ့သေးတယ်။ ရလာတဲ့သိန်းကျောက်ကလည်း လောပန်းနဲ့ သူတို့အုပ်စု တစ်ဝက်ဆီ ခွဲယူရတာဆိုတော့ ဘယ်လောက်မှ မရလိုက်ကြ။
တစ်နေ့တော့ ကိုလေးညိုနဲ့သူ ကျောက်အတူရှာနေတေဲ့ စွန့်ပစ်မြေစာပုံနားမှာ ကိုလေးညိုက ကျောက်တစ်လုံးကိုတွေ့တယ်။ ကျောက်ကိုမြင်ကတည်းက အရည်ပါမှန်း ကိုလေးကသိတော့ တမ်းပြီး ဖွက်ယူလိုက်တယ်။ ကျောက်က သိန်းထောင်ချီတန်မဲ့ကျောက်ဖြစ်နေတာကြောင့် လောပန်းဆီအပ်ရင် လောပန်းကဝေစုတစ်ဝက်၊ ကျန်တဲ့တစ်ဝက်ကိုသူတို့အုပ်စု(၈)ယောက်ထဲကပါ ခွဲနေရမယ်စိုးတာနဲ့ ကိုလေးညိုက ဖွက်ပြီးယူလာတာဖြစ်တယ်။ အခန်းရောက်တော့ ကိုလေးညိုက ကျောက်ကို ကုတင်အောက်မှာ အ၀တ်နဲ့ပတ်ပြီး သိမ်းထားလိုက်တယ်။ နောက်နေ့ကျောက်သွားရောင်းပြီး အိမ်ပြန်မယ်လို့ စီစဉ်ထားတာပေါ့။
ညပိုင်းကျတော့ ကိုလေးညိုက သူကျောက်ရောင်းရင် ရမဲ့ငွေတွေအကြောင်းကိုတွေးပြီး အောင်ပွဲခံဖို့ စဉ်းစားမိပြီး ကိုမျိုးကို အရက်အတူ သောက်ဖို့ခေါ်တယ်။ ဖားကန့်ဒေသမှာက ညဆို ကျောက်ရလည်းအောင်ပွဲအနေနဲ့ သောက်ကြစားကြတာရှိသလို ကျောက်မရတဲ့အခါတွေမှာလည်း နက်ဖြန်အတွက် အားအင်တွေမွေးပြီး ရှာနိုင်ဖို့ဆိုတာမျိုးနဲ့လည်း သောက်ကြစားကြတာပါပဲ။ ခက်တာက အဲ့နေ့ကျမှ ကိုမျိုးက လူကပင်ပန်းနေတာနဲ့ မလိုက်နိုင်ဘူးလို့ ပြောလိုက်တော့ သူတစ်ယောက်ထဲပဲ အရက်ဝယ်ပြီး မြေစာပုံတွေနားမှာ သောက်နေတာပေါ့။
အချိန်ကာလက မိုးရာသီအတွင်းဆိုတော့ ကိုလေးအရက်သောက်နေတဲ့အချိန်မှာ မိုးတွေတအားရွာချလာတယ်။ လူကအရှိန်လည်းရ၊ မိုးကရုတ်တရက် တအားရွာချလာတော့ အဲ့သောက်တဲ့နေရာကနေ မထနိုင်ပဲဖြစ်နေတာပေါ့။
ကံဆိုးတာကတော့ သူထိုင်သောက်နေတဲ့ မြေစာပုံက မြေကပျော့လာပြီး မိုးများတဲ့အရှိန်နဲ့ ပြိုကျသွားတာပါပဲ။ ကျောက်ကောင်းရလို့ မနက်ဖြန်ပဲ သွားရောင်းပြီး အိမ်ပြန်တော့မဲ့ ကိုလေးမှာတော့ မြေစာပုံကြားထဲ အသက်ပျောက်ခဲ့ရပြီ။
ညက မိုးကြီးပြီး မြေစာပုံပြိုကျတဲ့ သတင်းက မနက်မှာတော့ မှောဆီစာ တစ်ခုလုံးပြန့်ပြီပေါ့။
ဖြစ်နေကျဆိုပြီး မထူးဆန်းကြပေမဲ့ ကိုမျိုးအတွက်တော့ အဆန်းတကြယ်။ ကိုယ့်အခန်းဖော် တစ်ယောက် မြေစာပုံကြားထဲ အသက်ပျောက်ခဲ့ရတော့ ကိုမျိုးခမျာ ကျောက် တောင် မရှာနိုင်ပဲ တုန်လှုပ်နေတယ်။ မြေစာပုံတွေကြားလည်း မသွားဝံ့ဖြစ်နေတာနဲ့ သူစိတ်ကို ပိုင်းဖြတ်ပြီး ကျောက်မရှာတော့ပဲ အိမ်ပြန်ဖို့လုပ်လိုက်တယ်။ လောပန်းကိုပြောတော့ လောပန်းက ဒါတွေက ဖြစ်နေကျအရာတွေဖြစ်ကြောင်း ၊ မပြန်ဖို့တားပေမဲ့လည်း သူ့မှာ မိန်းမနဲ့ကလေးကို ပိုမြင်ယောင်လာပြီး ဇွတ်အတင်းပြန်ဖို့ လုပ်နေတော့ ပြန်ခိုင်းလိုက်ရတာပေါ့။
အိမ်ပြန်မယ်ဆိုပြီး ပစ္စည်းတိုလီ မုတ်စလေးတွေမြန်မြန်ဆန်ဆန်ထည့်ရင်း ကိုလေး ကုတင်အောက်က အထုတ်လေးပါလာခဲ့တယ်။ သူမှာကြောက်ကြောက်နဲ့ ပစ္စည်းသိမ်းတာဆိုတော့ အ၀တ်စအထုတ်လေး အိတ်ထဲ ထည့်လာမိတာ မသိခဲ့ဖူး။ အိမ်မပြန်ခင်မှာပဲ မနက်စာလေးတော့စားအုံးမယ်ဆိုပြီး အထုတ်တွေဆွဲကာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို သွားထိုင်လိုက်သေးတယ်။ သူမှာ ပြန်ရဖို့အရေး ပျော်နေတာပေါ့။ ပိုက်ဆံရှင်းခါနီးမှ သူ့အိတ်ကို ဖွင့်ထုတ်ကြည့်မိတဲ့အခါမှ အထုတ်ကို မြင်မိတယ်။
သူ့ပစ္စည်းမဟုတ်မှန်းလည်းသိနေတာရယ်၊ စိတ်ထဲတစ်မျိုးဖြစ်နေတာရယ်နဲ့ အထုတ်ကိုဖွင့်ကြည့်တော့ တစ်ပိဿာခန့်ရှိတဲ့ ရေမဆေးကျောက်အမျိုးအစားကို တွေ့လိုက်ရတယ်။
ကိုလေးညိုက ရတဲ့ကျောက်ကို ဝေစုမပေးချင်လို့ ဖွက်ထားပြီဆိုတာ သူတမ်းသိလိုက်ပါပြီ။ ကျောက်ကောင်းတစ်ခုဖြစ်နေတာသိပေမဲ့ ဘယ်လာက်ထိတန်မှန်း သူမသိတော့ လက်ဖက်ရည်ဆိုင်က လူကိုပြကြည့်တာပေါ့။
လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကလည်း တစ်နယ်တစ်ကျေးကဆိုတော့ ကျောက်ကို နားမလည်တော့ သူသိတဲ့ လောပန်းဆီ ပြပေးတယ်။ လောပန်းက ကျောက်ကိုမြင်တော့ သိန်းထောင်ချီတန်မဲ့ကျောက်မှန်းသိတော့ သိန်း (၇)ရာနဲ့ ပြန်ဝယ်လိုက်တယ်။
မောင်မျိုးမှာ သူ့အခန်းဖော်ရဲ့ ပစ္စည်းထုပ်ကနေ သိန်း(၇) ရာရတဲ့အတွက် မယုံနိုင်အောင်ဖြစ်နေတယ်။ သူ့ကျောက်ကို လောပန်းဆီပြပေးတဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကို လပ်ကီးအနေနဲ့ သိန်းနှစ်ဆယ်ပြန်ပေးခဲ့တယ်။
မောင်မျိုးက ၀မ်းသာအားရနဲ့ပဲ သိန်း ၆ရာ ၈ဆယ်ကျော်ကို ပိုက်ပြီး အိမ်ပြန်ခဲ့တာပေါ့။ မိန်းမကလည်း ယောကျာ်းက သိပ်မကြာသေးပဲ ပြန်ရောက်လာတဲ့အပြင် ငွေထုတ်ပိုက်လာတာဆိုတော့ ပျော်နေပြီလေ။ ရွာရောက်တော့ မောင်မျိုးက သူ့အခန်းအဖော်အတွက် ကောင်းမှုကုသိုလ်အနေနဲ့ ရွာကျောင်းက ဘုန်းကြီးကျောင်းအတွက် အုတ်တံတိုင်း တစ်ချပ်လှူပေးလိုက်တယ်။
သူ့ရောင်းခဲ့တဲ့ကျောက်ကို လောပန်းက ပြန်ရောင်းတဲ့အခါ သိန်းတစ်ထောင့်ကိုးရာ ရခဲ့တယ်။
ဇာတ်လမ်းကတော့ ဒီမှာပင်ပြီးပါပြီ။
ပျိုးချစ်ငြိမ့်(kyauksein.com)